International News

စင်ကာပူနိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP)သဘောတူ စာချုပ်အရ ရေရှည်အကျိုးအမြတ်များရရှိနိုင်

Last Updated:

စင်ကာပူနိုင်ငံသည် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ(ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်)နှင့် သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ နယူးဇီလန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့ပါဝင်သည့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူစာချုပ်တစ်ခုဖြစ်သည့် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ကို ပထမဆုံး အတည်ပြုရန်ဆောင်ရွက်ခဲ့သည့်နိုင်ငံဖြစ်ပါသည်။

RCEP ကို ဆယ်စုနှစ်တစ်ခုကြာ စေ့စပ်ညှိနှိုင်းပြီးနောက် ​​၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင်  လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် အတည်ပြုခဲ့ပါသည်။ ကမ္ဘာ့ဘဏ်မှ အချက်အလက်များအရ အဆိုပါသဘောတူစာချုပ်သည် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်း၊ ခန့်မှန်းခြေအားဖြင့် ကမ္ဘာ့GDP၏ ၃၀ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၂၅.၈ ထရီလီယံ)၊ ကမ္ဘာ့ကုန်သွယ်မှု၏ ၂၅ ရာခိုင်နှုန်း(အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၇ ထရီလီယံ)နှင့် ကမ္ဘာ့နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)စီးဝင်မှု၏ ၃၁ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်မည်ဟု ခန့်မှန်းထားပါသည်။

အာဆီယံသည် RCEP မှတဆင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို အသားတင် တင်သွင်းသူ အဖြစ်ရှိနေရာမှ အသားတင် တင်ပို့သူအဖြစ် ပြောင်းလဲနိုင်ရန်နှင့်  ယင်းသည် အာရှဒေသတွင်း တိုးတက်မှုရရှိစေသည့် မောင်းနှင်အားအသစ်ဖြစ်လာစေ‌ရန် မျှော်မှန်းထားပါသည်။

စင်ကာပူနိုင်ငံသည် RCEP အရ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များကို ထပ်မံပေါင်းစည်းစေခြင်းနှင့် နိုင်ငံ၏အနေအထားကို အာရှ-ပစိဖိတ်ဒေသတွင်း ဘဏ္ဍာရေးနှင့် စီးပွားရေးအချက်အချာနေရာအဖြစ် အားကောင်းလာစေရန်ဆောင်ရွက်ခြင်းဖြင့် ရေရှည်အကျိုးအမြတ်များ ရရှိရန်မျှော်မှန်း ထားပါသည်။

စင်ကာပူစီးပွားရေးလုပ်ငန်းများအတွက် RCEP အရ အဓိကရရှိနိုင်သည့်အကျိုးကျေးဇူးများ

အကောက်ခွန်များ လျှော့ချခြင်း

RCEP တွင် လက်မှတ်ရေးထိုးသူများသည် ကုန်သွယ်မှုပြုသည့် ကုန်ပစ္စည်းများအတွက် ပျမ်းမျှအကောက်ခွန်ကင်းလွတ်ခွင့် ၉၂ ရာခိုင်နှုန်းခန့်ကို နောင်လာမည့်နှစ် ၂၀ အတွင်း အဆင့်ဆင့် ခံစားခွင့်ရနိုင်မည်ဖြစ်ပါသည်။ အဆိုပါအချက်သည် တန်ဖိုးမြင့် ကုန်ပစ္စည်းများကို ပို့ကုန်ဦးစားပေး ထုတ်လုပ်သည့် စင်ကာပူနိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ပြီး RCEP အရ ဒေသတွင်းစျေးကွက်များ၌ ဝင်‌ရောက်ယှဉ်ပြိုင်ခွင့်ပြုခြင်းဖြင့် စင်ကာပူနိုင်ငံရှိ ထုတ်လုပ်သူများသည် သာလွန်ကောင်းမွန်သည့် စျေးကွက်ဝင်ရောက်ခွင့်ကို ရရှိနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် သဘာဝသယံဇာတအရင်းအမြစ်များမရှိသော နိုင်ငံငယ်လေးဖြစ်သည့် စင်ကာပူနိုင်ငံသည် ၎င်း၏စက်မှုလုပ်ငန်းနှင့် ပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်(FTA) အပေါ်တွင် များစွာမှီခိုနေရပါသည်။ စင်ကာပူနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်များကပင် ၎င်း၏ ထောက်ပံ့ရေးကွင်းဆက်များကို ပြောင်းလဲပေးခဲ့သည့် ဒေသတွင်း FTA  ၁၁ ခု နှင့် နှစ်နိုင်ငံသဘောတူညီမှု ကွန်ရက် ၁၃ ခု ရှိခဲ့ပြီး ဖြစ်သဖြင့် စင်ကာပူနိုင်ငံရှိကုမ္ပဏီများသည် နိုင်ငံရပ်ခြားသို့သွားရောက် စွန့်စားလုပ်ကိုင်နိုင်သည့်အပြင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကိုလည်း နိုင်ငံ၏အသေးစားပြည်တွင်းဈေးကွက် ကန့်သတ်ချက်များမှ ကင်းလွတ်ဆောင်ရွက်စေခြင်းဖြင့် အထောက်အကူပေးနိုင်ခဲ့ ပါသည်။

ဘုံသဘောတူညီထားသည့် ပင်ရင်းနိုင်ငံစည်းမျဉ်း

သဘောတူစာချုပ်တွင် RCEP အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံမှ ထုတ်ကုန်တိုင်း လိုက်နာ ရမည့်ပင်ရင်းနိုင်ငံစည်းမျဉ်းနှင့်စပ်လျဉ်း၍ ပေါင်းစပ်မူဘောင်တစ်ခု ချမှတ်ထားပါသည်။ ဆိုလိုသည်မှာ စင်ကာပူနိုင်ငံမှထုတ်လုပ်သူများသည် ပင်ရင်းဖြစ်မှုရေတွက်ရာတွင် RCEP နိုင်ငံပေါင်း ၁၅ နိုင်ငံမှ Regional Value Content (RVC) စံသတ်မှတ်ချက်အရ ကုန်ကြမ်းနှင့် တစ်ပိုင်းတစ်စထုတ်လုပ် ထားသည့်ကုန်ကြမ်းများကို စုစည်းနိုင်သည်ဟုဆိုလိုပါသည်။ RVC စည်းမျဉ်းအရ ထုတ်ကုန်တစ်ခုသည် အကောက်ခွန်သက်သာခွင့်အတွက် ပင်ရင်းနိုင်ငံ လက်မှတ် ရရှိရန် အနည်းဆုံး ၄၀ ရာခိုင်နှုန်း RVC ရှိရန် လိုအပ်ပါသည်။

RCEP ၏ ညီညွတ်မျှတသောစည်းမျဉ်းများ မရှိပါက စီးပွားရေးလုပ်ငန်းများအနေဖြင့် အကောက်ခွန်သက်သာခွင့်များ ရရှိခံစားနိုင်ရန်အတွက် ထောက်ပံ့ရေးကွင်းဆက်များတစ်လျှောက် ကွဲပြားလျက်ရှိသော စံနှုန်းများကိုပြည့်မီစေရန် FTA များစွာကို အသုံးပြု၍ ဆောင်ရွက်ကြမည်ဖြစ်ပါသည်။ အဆိုပါကိစ္စရပ်သည် ပစ္စည်းများ၏ ပင်ရင်းနိုင်ငံကို ဆုံးဖြတ်သည့်အခါ စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကိုဖြစ်စေနိုင်ပြီး FTA တစ်ခုချင်းအလိုက် အကောက်ခွန်သက်သာခွင့်များ တောင်းဆိုရာ၌ ကိုက်ညီမှုမရှိခြင်းကြောင့် ဆုံးရှုံးနိုင်ခြေများတိုးမြင့်လာနိုင်ပါသည်။ RCEP အရ ပင်ရင်းနိုင်ငံ စည်းမျဉ်းခွင့်ပြုချက်သည် လိုအပ်သော စာရွက်စာတမ်းများ၊ ဒေသဆိုင်ရာပါဝင်မှုနှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများ တစ်လျှောက်ရှိ ထောက်ပံ့ရေးကွင်းဆက်များအတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်စသည့် လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိရမည်ဖြစ်ပါသည်။ Allianz ၏ အစီရင်ခံစာတွင် ပို့ကုန်ကုန်ကျစရိတ် လျှော့နည်းခဲ့ခြင်းကြောင့် စင်ကာပူနိုင်ငံနှင့် လက်မှတ်ရေးထိုးထားသည့်နိုင်ငံများ အကြားပို့ကုန်တန်ဖိုးကို ပျမ်းမျှအားဖြင့် နှစ်စဉ် ဒေါ်လာ ၉၀ ဘီလီယံခန့် မြှင့်တင်နိုင်မည်ဟု ခန့်မှန်းဖော်ပြထားပါသည်။

ဝန်ဆောင်မှုလုပ်ငန်းများ စျေးကွက်ဝင်ရောက်ခွင့် ချဲ့ထွင်ခြင်း

လက်ရှိအာဆီယံ+၁ FTA များနှင့် နှိုင်းယှဉ်ပါက RCEP သည် “Negative List Approach”  နည်းလမ်းကိုမိတ်ဆက်၍ ဝန်ဆောင်မှုများကို ဖြေလျှော့ပေးနိုင်မည့် အထူးနည်းလမ်းတစ်ခုကို ဆောင်ရွက်ခဲ့ပါသည်။ “Positive List Approach” နည်းလမ်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အဆိုပါ နည်းလမ်းတွင် RCEP ပါဝင်မှုမှ အချို့ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများကို ဖယ်ရှားရန်အတွက် အစိုးရများသာ လိုအပ်မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအားလုံးသည် စျေးကွက်ဝင်ရောက်ခွင့်အတွက်အရည်အချင်းပြည့်မီကြောင်းကို အလိုအလျောက် နားလည်နိုင်မည်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံအပါအဝင် RCEP အဖွဲ့ဝင်ခုနစ်နိုင်ငံသည် " Negative List Approach " ကိုရွေးချယ်ခဲ့ပြီး ကျန်အဖွဲ့ဝင်ရှစ်နိုင်ငံက  " Positive List Approach " ကို ရွေးချယ်ခဲ့ကာ RCEP အသက်ဝင်လာပြီးနောက် ခြောက်နှစ်အတွင်း “Negative List Approach” ကို လက်ခံကျင့်သုံးရန် လိုအပ်မည်ဖြစ်ပါသည်။

ထို့အပြင် RCEP သည် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် ဝန်ဆောင်မှုကဏ္ဍများ (ဥပမာ-ဘဏ္ဍာရေး၊ ဆက်သွယ်ရေး၊ ဖြန့်ဖြူးရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုများ အပါအဝင်) အနည်းဆုံး ၆၅ ရာခိုင်နှုန်းအတွက် ဝန်ဆောင်မှုပေးနိုင်ရန် ရည်မှန်းထားသည်။ အဆိုပါအနေအထားသည် စင်ကာပူနိုင်ငံ၏ အဓိကဖြစ်သည့် ဘဏ္ဍာရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို ကွဲပြားခြားနားသော စျေးကွက်များသို့ ပိုမိုတင်ပို့ရာ၌ လွယ်ကူ ချောမွေ့စေမည့် ယခင်တွေ့ကြုံခဲ့ဖူး ခြင်းမရှိသော ဖြေလျှော့မှုပုံစံကို ခံစားရခြင်းဖြစ်ပါသည်။

ဒေသတွင်း လုပ်ငန်းများ၏ ထောက်ပံ့ရေးကွင်းဆက်များတွင်းသို့ ဝင်ရောက်ခြင်း

ကုန်ထုတ်လုပ်မှု

စင်ကာပူနိုင်ငံ၏ အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်မှုတစ်ခုတည်းကပင် စုစုပေါင်း GDP ၏ ၈ ရာခိုင်နှုန်း၊ ၂၀၂၀ ခုနှစ်တွင်း ရင်းနှီးမြှုပ်နှံဆိုင်ရာပိုင်ဆိုင်မှု စုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ အလုပ်အကိုင်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းတို့ဖြစ်ပါသည်။ စင်ကာပူနိုင်ငံသည် semiconductor ထုတ်ကုန်၌ ကမ္ဘာ့စျေးကွက်ဝေစု၏ ၁၁ ရာခိုင်နှုန်း ရရှိထားသည်သာမက မိုဘိုင်းလ် ဖုန်းများ၊ ဒစ်ဂျစ်တယ်ကင်မရာများနှင့် ရုပ်မြင်သံကြားများ စသည့် အဆင့်မြင့်နည်းပညာသုံး ကုန်ထုတ်လုပ်ငန်းများ၏ အချက်အချာနေရာ တစ်ခု ဖြစ်ပါသည်။ RCEP တွင် ဘုံသဘောတူညီထားသည့် ပင်ရင်းနိုင်ငံစည်းမျဉ်းအရ RCEP နိုင်ငံများမှ တင်သွင်းသည့် အလယ်အလတ်အဆင့်ရှိ ပစ္စည်းအစိတ်အပိုင်းများကို အဆင့်မြင့် နည်းပညာများအသုံးပြု၍ ထုတ်လုပ်သည့် အီလက်ထရောနစ် ပစ္စည်းများ၏ တန်ဖိုး ကွင်းဆက်များတစ်လျှောက် အကျိုးအမြတ်ရရှိစေမည်ဖြစ်ပါသည်။ ထို့အပြင် စင်ကာပူနိုင်ငံမှ ထုတ်လုပ်သူများသည် မလေးရှား၊ တောင်ကိုရီးယား၊ တရုတ်နှင့် ဖိလစ်ပိုင်တို့ရှိ အဆင့်မြင့် နည်းပညာနှင့် mid-stream ထုတ်လုပ်သူများမှ အီလက်ထရောနစ်ဆားကစ်များ ပေါင်းစည်း ခြင်းနှင့် အသေးစားတပ်ဆင်မှုများပြုလုပ်ရန် တင်သွင်းခြင်းနှင့် တင်ပို့ခြင်းများ တိုးတက် လာခဲ့ပြီး  ကမ္ဘောဒီးယား၊ လာအို၊  မြန်မာကဲ့သို့သော လုပ်သားကုန်ကျစရိတ်နည်းပါးသည့် နိုင်ငံများတွင် ကုန်ထုတ်စက်ရုံများ ထူထောင်ခြင်းမှလည်း အကျိုးကျေးဇူးရရှိနိုင်မည် ဖြစ်ပါသည်။

ဓာတုဗေဒပစ္စည်းနှင့်ရေနံထုတ်လုပ်မှုသည်လည်း တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) တစ်လျှောက် ကုန်သွယ်မှုနှင့် စွမ်းအင်ဆိုင်ရာ ချိတ်ဆက်မှုများကြောင့်အခွင့်အလမ်းများစွာရှိသည့် လုပ်ငန်းများဖြစ်သဖြင့် RCEPအရ ဆက်လက်တိုးတက်လာမည်ဟု ခန့်မှန်းထားပါသည်။ စင်ကာပူနိုင်ငံ၌ ကမ္ဘာလုံးဆိုင်ရာ ဓာတုဗေဒကုမ္ပဏီပေါင်း ၁၀၀ ကျော်ရှိပြီး ၎င်း၏ ကျွန်းနှစ်ကျွန်းဖြစ်သည့် Jurong Island နှင့် Bukom ကျွန်းတို့ကို ရေနံနှင့်ဓာတုဗေဒ လုပ်ငန်းအတွက်သာရည်ရွယ်၍ ဒီဇိုင်းပုံစံရေးဆွဲထားပါသည်။ စင်ကာပူနိုင်ငံကို “အာရှ၏ အငြင်းပွားဖွယ်မရှိသော ရေနံအချက်အချာဒေသ”ဟုလည်း ခေါ်ဝေါ်ကြပြီး တင်ပို့မှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၇ ဘီလီယံဖြင့် ၂၀၂၀ ခုနှစ်တွင်း ကမ္ဘာ့စတုတ္ထ အများဆုံး သန့်စင်ပြီးရေနံတင်ပို့သူလည်း ဖြစ်ပါသည်။ စင်ကာပူနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ဓာတုဗေဒပစ္စည်း တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅.၉၉ ဘီလီယံ ရှိခဲ့ပါသည်။

ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ

စင်ကာပူနိုင်ငံသည် ပြည်တွင်းဘဏ်များနှင့် နိုင်ငံမျိုးစုံတွင်အခြေစိုက်ထားသော ဘဏ်ပေါင်း ၂၀၀ ကျော်ကို လက်ခံထားသည့် ကမ္ဘာ့ဘဏ္ဍာရေးအချက်အချာနေရာ တစ်ခုလည်း ဖြစ်ပါသည်။ RCEP အရ တိုးပွားလာသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုများကြောင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုနှင့်သက်ဆိုင်သည့် တောင်းဆိုမှုများ မြင့်တက်လာပြီး ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် အာမခံလုပ်ငန်းစသည်တို့ကို စီမံခန့်ခွဲ နိုင်ရေးအတွက် လုပ်ငန်းများမှရှာဖွေရာ၌  စင်ကာပူနိုင်ငံသည် အဆိုပါ ဝန်ဆောင်မှုများကို အဓိကပံ့ပိုးပေးနိုင်သူဖြစ်လာမည်ဖြစ်ပါမည်။   RCEP သဘောတူညီချက်၌ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ဖြေလျှော့ပေးခြင်းနှင့်စပ်လျဉ်း၍ သီးခြားအခန်းတစ်ခုပါဝင်ပြီး  နိုင်ငံခြားနှင့် ပြည်တွင်းရှိ ငွေကြေးလုပ်ငန်းဆောင်ရွက်သူများနှင့်စပ်လျဉ်း၍ ခွဲခြားဆက်ဆံမှုဆိုင်ရာ စည်းမျဉ်းများပါဝင်ပါသည်။ Ernst & Young တို့၏ အစီရင်ခံစာတွင် သင့်တင့်မျှတ ကျိုးကြောင်း ဆီလျော်စွာဆောင်ရွက်ခြင်းဖြင့် ငွေပေးချေမှု၊ အာမခံနှင့် ငွေချေးလုပ်ငန်း စသည်တို့ကို နယ်စပ်ဒေသ တလျှောက် နည်းပညာသုံးငွေကြေးဝန်ဆောင်မှု ပလက်ဖောင်း များနှင့် ဝန်ဆောင်မှုများ စီမံပေးခြင်းဖြင့် ဈေးကွက်ဝင်ရောက်မှုကို ဆွဲဆောင်နိုင်မည်ဟု ဖော်ပြထားပါသည်။ အဆိုပါ ဝန်ဆောင်မှုသည် အာဆီယံဒေသတွင်း စုစုပေါင်းလူဦးရေ၏ ၅၀ ရာခိုင်နှုန်းရှိသော ဘဏ်ဝန်ဆောင်မှုကို ပုံမှန်သုံးစွဲလေ့ မရှိသည့်သူများနှင့် လုံးဝသုံးစွဲခြင်း မရှိသေးသောသူများကို ငွေကြေးဝန်ဆောင်မှုများ ပေးနိုင်ရေးစီမံဆောင်ရွက်ရာတွင် အဓိက အခန်းကဏ္ဍအနေဖြင့် ပါဝင်နိုင်မည်ဖြစ်ပါသည်။

ဒစ်ဂျစ်တယ်စီးပွားရေး

RCEP သည် e-commerce၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများနှင့် ဒစ်ဂျစ်တယ် ကုန်သွယ်မှုဆိုင်ရာ မူဘောင်တစ်ခုကို ထူထောင်ထားရှိပါသည်။ RCEP သည် စားသုံးသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ၊ Paperless ကုန်သွယ်မှု၊ အီလက်ထရောနစ် အထောက်အထားစိစစ်သည့် စနစ်များနှင့် ဆိုက်ဘာလုံခြုံရေးတို့ကို အကာအကွယ်ပေးရန် ကတိပြုထားပါသည်။ အဆိုပါ မူဘောင် သည် စင်ကာပူနိုင်ငံ၏ ဒေသတွင်း၌ ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ဗဟိုချက် ဖြစ်လာစေရေး မျှော်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။

Google၊ Temasek နှင့် Bain & Company တို့၏ အစီရင်ခံစာအရ စင်ကာပူ၏ ဒစ်ဂျစ်တယ် စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံမှ တိုးတက်လာပြီး ၂၀၂၅ ခုနှစ်တွင် စုစုပေါင်းကုန်စည်ရောင်းချမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံ ရရှိနိုင်မည်ဖြစ်ပါသည်။ အဆိုပါ ပမာဏသည် ၄င်းနှင့်အဆင့်အတန်းတူညီသည့် အာဆီယံနိုင်ငံများနှင့်နှိုင်းယှဉ်ပါက နည်းပါးသော် လည်း ဒေသတွင်းအင်တာနက်စီးပွားရေး အထူးသဖြင့် e-commerce၊ fintech နှင့် e-commerce enablers များကဲ့သို့သော ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများအတွက်  ဆွဲဆောင်မှုရှိသည့် အချက်အချာ နေရာအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပါသည်။ ထို့အပြင် စင်ကာပူသည် အာဆီယံတွင် ဒစ်ဂျစ်တယ် စီးပွားရေးအထွန်းကားဆုံးနိုင်ငံဖြစ်ပြီး Deloitte ၏အဆိုအရ စင်ကာပူကုမ္ပဏီများသည် ကုန်သွယ်မှု၊ ရောင်းချမှု၊ ငွေပေးချေမှု၊ ထောက်ပံ့ပို့ဆောင်မှုနှင့် ထုတ်လုပ်မှုတို့တွင်      ဒစ်ဂျစ်တယ် နည်းစနစ် အသုံးပြုမှုအများဆုံး ဖြစ်ကြောင်းဖော်ပြခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် များစွာသော အာဆီယံ e-commerce unicorn များ၏ ဒေသတွင်း ဌာနချုပ်အဖြစ် ရွေးချယ်စရာနေရာဖြစ်လာမည်ဖြစ်ပါသည်။ ထို့အပြင် စင်ကာပူ နိုင်ငံ၌ Grab၊ Lazada၊ Ninja Van နှင့် Shopee ကဲ့သို့သော အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိ unicorn ကုမ္ပဏီ ၁၅ ခု ရှိပါသည်။

စင်ကာပူနိုင်ငံသည် ဒစ်ဂျစ်တယ်ကုန်သွယ်မှုတွင် ရှေ့ဆောင်နိုင်ငံဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် နယူးဇီလန်နှင့် ချီလီနိုင်ငံတို့နှင့် ကမ္ဘာ့ပထမဆုံး ဒစ်ဂျစ်တယ်ကုန်သွယ်မှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါကိစ္စရပ်သည် လက်ရှိစီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီ းမြှုပ်နှံမှုများ အွန်လိုင်းမှ ဆောင်ရွက်မှု တိုးမြင့်လာချိန်တွင် စီးပွားရေးဆိုင်ရာညှိနှိုင်းမှုပုံစံသစ် တစ်ခုအနေဖြင့် ကိုယ်စားပြုပါသည်။ အခြားဒစ်ဂျစ်တယ်ကုန်သွယ်မှု သဘောတူစာချုပ်ကိုလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စင်ကာပူနိုင်ငံနှင့် ဗြိတိန်နိုင်ငံ တို့အကြား လက်မှတ်ရေးထိုးခဲ့ပါသည်။

 

 

 

( သင်းသင်းအောင်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန)  

ASEAN Briefing Website

 

 

 

Category: International News